ပန်းတို့မြေတောင်လှေကားမြို့ဆီသို့ အလည်တစ်ခေါက်



အခုချိန် Covid-19 ကာလလေးမှာ ခရီးသွားလာခွင့်တွေကန့်သတ်ထားတော့ ဆွီတီတို့ခရီးမသွားဖြစ်ဘူးရယ်....  မြန်မာနိုင်ငံမှာ ခရီးသွားလာခွင့်တွေ အတော်များများ ပြန်လည်ခွင့်ပြုပြီဆိုရင်တော့ ပထမဆုံးခရီးစဥ်အနေနဲ့ ပြင်ဦးလွင်မြို့လေးကို ဆွီတီ လျှောက်လည်ချင်မိတယ်၊ ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၃၅၃၈) အမြင့်ပေတွင် တည်ရှိပြီး ရန်ကုန်မြို့မှ (၄၇၀) မိုင်၊ နေပြည်တော်မြို့မှ (၂၂၀)မိုင်၊မန္တလေးမြို့မှ (၄၂) မိုင်အကွာတွင် တည်ရှိပါတယ်။


ပြင်ဦးလွင်မြို့ကိုသွားရောက်မည့်ခရီးလမ်းကြောင်း

======================================

ပြင်ဦးလွင်မြို့ကို လေယာဥ်၊ ကား၊ ရထား တို့ဖြင့်သွားလာနိုင်ပါတယ်။ကားနဲ့သွားတာတော့ အစဥ်ပြေတာပေါ့၊ရိုးရိုးကား နဲ့ အထူးကား နှစ်မျိုးရှိပါတယ်။ ရန်ကုန်မြို့မှ မနက်ကား နဲ့ ညကား နေ့စဥ်ထွက်ရှိပြီး ရိုးရိုးကားက တစ်ဦးကို (၁၆၀၀၀)ကျပ်ဖြစ်ပြီး၊ အထူးကားကတော့ (၂၃၀၀၀)ကျပ် ကျသင့်မှာဖြစ်ပါတယ်။ရန်ကုန်ကနေ ည(၇းဝဝ)ထွက်ရင် ပြင်ဦးလွင်မြို့ကို နောက်နေ့နံနက်စောစော (၆း၀၀) လောက်ဆိုရောက်ပါပြီ။


ကားနဲ့သွားမယ်ဆိုရင်

၁၊မန္တလာမင်း ၂၊မြတ်မန္တလာထွန်း ၃၊ရေွှမန္တလာ ၄၊ခိုင်မန္တလေး ၅၊ ရွှေစင်စကြာ် ၆၊ ရွှေမန်းသူ ၇၊ Famous Express ၈၊ E Lite Express ၉၊ နယူးမန္တလာထွန်း စသည့်ယာဥ်လိုင်းများ ပြေးဆွဲပေးလျက်ရှိပါတယ်။ဆွီတီကတော့ မြတ်မန္တလာထွန်း နဲ့ (အသွား/အပြန်) သွားဖြစ်တယ်။

 


ပြင်ဦးလွင်မြို့မှာတည်းခိုဖို့ဆိုရင်

=========================

ပြင်ဦးလွင်မြို့မှာ စျေးသက်သာပြီး သန့်တဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ အများကြီးရှိပါတယ်။ဆွီတီ တည်းခဲ့တဲ့ ဟိုတယ်ကတော့ Thiha Bala Hotel ပါ၊ ပြင်ဦးလွင်မြို့လည်မှာတည်ရှိပြီး သွားလာရတာလည်း အဆင်ပြေတယ်၊ဟိုတယ်ဝန်ထမ်းတွေက ယဥ်ကျေးပျူငှာတယ်၊ အခန်းလေးတွေက နေချင်စဖွယ် သန့်ရှင်းသပ်ရပ်တယ်။ ပြင်ဦးလွင်မြို့မစျေး၊ ပြင်ဦးလွင်မြို့ရဲ့သ​ေင်္ကတဖြစ်တဲ့ နာရီစင်၊ ဆွယ်တာတန်း၊ စားသောက်ဆိုင်များနှင့် အနီးနားမှာတည်ရှိလို့ ရွေးချယ်ဖြစ်ပါတယ်။

Thiha Bala Hotel - 27000MMK ~ 50000MMK Phone - 09774488238

အခြားစျေးသက်သာပြီး သန့်တဲ့ဟိုတယ် နှင့် တည်းခိုခန်းတွေ ပြင်ဦးလွင်မြို့မှာ အများကြီးရှိပါတယ်။

Hotel Hilltop Gem, Win Unity, Hotel Pyin Oo Lwin, White Rose Garden, Famous Hotel ect....


ပြင်ဦးလွင်မြို့မှာလည်ကြမယ်

=======================


မဟာအံ့ထူးကံသာဘုရားကြီး၊ ပိတ်ချင်းမြှောင်၊ ပွဲကောက်ရေတံခွန်၊ အမျိုးသားကန်တော်ကြီးဥယာဥ် (ရုက္ခဗေဒဥယျာဥ်)၊ အမျိုးသားအထိန်းအမှတ်ဥယျာဥ် (တိုင်းရင်းသားကျေးရွာ)၊ The Croft Organic၊ ဒီဇင်ဘာခြံ၊ YGW Farm၊ တော်ဝင်နှင်းဆီခြံ၊ မြို့ရှောင်လမ်းနှင့် ထင်းရှူးတော၊ Cozy World၊ ထူးလိမ္မော်ခြံ၊ သမိုင်းဝင် ရွှေမြင်တင်ဘုရား၊ ရသေ့ကြီး ဦးခန္တီးဘုရား၊ နှီးဘုရား၊ မြွေဘုရား၊ ကျောက်တောင်ဘုရား၊ တရုပ်ဘုံကျောင်း၊ ဘုရင်ခံအိမ်၊ နန်းမြိုင်၊ ချယ်ရီမြိုင်၊ မြိုင်ဟေမာ၊ စိန့်မေရီဘုရားကျောင်း၊ Golden Bee Farm၊ Mico Hill၊ ပစ်တိုင်းထောင်ကျောင်း၊ စူဠာမဏီပုထိုးတော်ကြီးနှင့် မြမဉ္ဇူလေးမျက်နှာဘုရားကြီး၊ ရွှေပြင်ဦးလွင် စပျစ်ခြံ၊ ပြင်ဦးလွင် မိုးကုက်လမ်း၊ ပြင်ဦးလွင်ဘူတာ စသည်တို့အပြင် အခြားလည်ပတ်စရာ နေများလည်းရှိပါသေးတယ်။

အထက်ပါနေရာများကို လျှောက်လည်ဖို့ဆိုရင် Hotel Reception မှာ ကား/ဆိုင်ကယ် ငှားလို့ရပါတယ်။ လူအနည်းစုသွားမလား အများနဲ့သွားမလား၊ Service လည်းစိတ်ချရတယ်။ စျေးလည်းသင့်တင့်ပါတယ်။ ကားနဲ့လည်ပတ်ချိန်ကို (နံနက် ၉း၀၀ မှ ညနေ ၅း၀၀ ထိ) သတ်မှတ်ထားပြီး ကားငှားရမ်းခကို အနည်းဆုံး (၂၀၀၀၀)ကျပ်မှစတင်ကာ ခရီးစဥ်အလိုက် စျေးနှုန်းအသီးသီးရှိပါတယ်။ ဆိုင်ကယ်နဲ့ လည်ပတ်ချိန်ကို (နံနက် ၈း၀၀ မှ ၆း၀၀ ထိ)ကို (၁၅၀၀၀)ကျပ် သတ်မှတ်ထားပြီး တစ်နာရီကို (၃၀၀၀)ကျပ် သတ်မှတ်ထားပါတယ်။



၁။ မဟာအံ့ထူးကံသာဘုရားကြီး

ဆွီတီ ကတော့ ပထမအနေနဲ့ ပြင်ဦးလွင်မြို့ရောက်တိုင်း သွားရောက်ဖူးမျှော်ဖြစ်တဲ့ မဟာအံ့ထူးကံသာဘုရားကြီး ကိုသွားရောက်ဖြစ်ပါတယ်။ 


၂။ Golden Bee Farm

ပွဲကောက်ရေတံခွန်ကို သွားတဲ့လမ်းအတိုင်းသွားလိုက်ရင် လမ်းတစ်လျှောက် ဆိုင်းဘုတ် လေးတွေထောင်ထားတယ်နော်၊ ထူးလိမ္မော်ခြံမရောက်ခင် လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာပါ၊ စတော်ဘယ်ရီ သီးချိန်ဆိုရင်တော့ ဝင်ကြေးပေးရတယ်နော်၊ ဆွီတီတို့သွားတဲ့အချိန်က နဂါးမောက်သီး သီးချိန်ဆိုတော့ ဝင်ကြေးမပေးခဲ့ရဘူး။ နဂါးမောက်သီးလည်း ကျွေးသေးတယ်နော်။ပျားရည်တွေလည်း ရောင်းချသေးတယ်။ပန်းပေါင်းစုံပျားရည်၊ နေကြာပျားရည်၊ ဇီးပျားရည် ဆိုပြီးရောင်းချပေးလျှက်ရှိပါတယ်။




၃။ ဒီဇင်ဘာခြံ

ဒီဇင်ဘာခြံထဲကိုရောက်သည်နှင့် ပန်းမျိုးစုံ နှင့် နေကြာပန်းခင်းကြီး ကိုတွေ့ရှိရမှာဖြစ်ပါတယ်။ဒီဇင်ဘာခြံရောက်ရင်နွားနို့သောက်ဖို့မမေ့နဲ့နော်၊နွားနို့ နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုးကို ရောင်းချပေးလျက် ရှိပါတယ်။ ဒီဇင်ဘာရေတံခွန်ကို သွားမယ်ဆိုရင်တော့ လမ်းညွှန်ဆိုင်းပုဒ်လေးတိုင်း မောင်းသွားလိုက်ယုံပါပဲ၊ဝင်ကြေးတော့ပေးဆောင်ရတယ်နော်။ 


၄။ ရွှေပြင်ဦးလွင်စပျစ်ခြံ

ပြင်ဦးလွင်မြို့ရှောင်လမ်းကနေ ဆင်ခေါင်းလေး ကျေးရွာသို့သွားတဲ့ လမ်းအတိုင်းဝင်သွားရင် ရွှေပြင်ဦးလွင်စပျစ်ခြံ ကိုရောက်ရှိမှာဖြစ်ပါတယ်။ဓာတ်ပုံလည်းရိုက်ရင်း ဝိုင်လေးလည်းသောက်ရင်းပေါ့


၅။ မြို့မစျေးကြီး

ဆွီတီတည်းခိုသည့် ဟိုတယ်နှင့် မြို့မစျေးကြီးက နီးနီးလေးပဲနော်၊ လမ်းလျှောက်ရင် (၁၀)မိနစ် လောက်ပဲကြာမြင့်ပါတယ်။ မြို့တစ်မြို့ရဲ့ လူနေမှုကို သိချင်ရင် စျေးထဲသွားကြည့်တဲ့၊ အရမ်းကို သန့်ရှင်းသပ်ရပ်ပြီး သစ်သီး၊သစ်ရွက်တွေက အရမ်းကိုလတ်ဆတ်ပြီး ဝယ်ချင်စဖွယ်တွေပါ၊



၆။ ပစ်တိုင်းထောင်ကျောင်း

မန္တလေး - လားရှိုးကားလမ်းမကြီးဘေးမှာ တည်ရှိပြီး အဝင်ဝတွင် ပစ်တိုင်းထောင် ရုပ်တုနှစ်ခုကိုတွေ့ရှိရမှာဖြစ်ပါတယ်။ တောင်ပေါ်တွင် ဘုရားရုပ်ပွားတော်များစွာ တည်ထားကိုးကွယ်ထားပြီး မြင်ရသူအဖို့ အေးချမ်းလှပါတယ်။


၇။ မြို့ရှောင်လမ်းနှင့်ထင်းရှူးတော 

ကားလမ်းရဲ့တစ်ဖက်တစ်ချပ်ဆီမှာ ထင်းရှူးပင်လေးတွေနဲ့ အရမ်းကိုလှပြီး ဓာတ်ပုံရိုက်လိုကောင်းတဲ့နေရာလေးပါ၊ သတိတော့ထား​ေနာ် ကားမလာခင်အပြေးရိုက်ရတာဆိုတော့



၈။ ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတော်

ပိတ်ချင်းမြောင်လိုဏ်ဂူတော်သည် ဝက်ဝံကျေးရွာ အနီးတွင်တည်ရှိပြီး လိုဏ်ဂူတော်ကိုသွားရာလမ်းမှာ တောတောင်တွေ စမ်းချောင်းလေးတွေနဲ့ သာယာလှပါတယ်။လိုဏ်ဂူတော်ထဲ့သို့ ဝင်ရောက်လိုက်သည်နှင့် ဗုဒ္ဓရုပ်ပွားတော်များစွာနှင့် ကျောက်တောင်တွေကို ပွတ်တိုက်ပြီး စီးဆင်းနေတဲ့ ရေစီးသံတွေက သာယာညိမ့်ညောင်းလှပါတယ်။လိုဏ်ဂူတော်အဝင်နားမှာ စီးဆင်းနေတဲ့ ရေတံခွန်လေးကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ရင် အရမ်းလှတယ်နော်၊တစ်ဆက်တည်း ဂူအဝရောက်သည်နှင့် ဘယ်ဘက်ရွန်းရွန်းရှိ လမ်းလေးအတိုင်း လျှောက်သွားလိုက်မယ်ဆိုရင် သုံးထပ်ရေတံခွန်ကို ရောက်ရှိမှာဖြစ်ပါတယ်။


၉။ ပွဲကောက်ရေတံခွန်

ပွဲကောင်းရေတံခွန်ရှိ (BE) ကြိုးတံတားပေါ်မှာ ဓာတ်ပုံရိုက်၊ ရေတံခွန်ကြီးကို နောက်ခံထားပြီး ဓာတ်ဖမ်းရတာ အမောပေါ့၊အိမ်ပြန်လက်ဆောင်ဝယ်ဖို့ စျေးတန်းဘက်ကို လမ်းလျှောက်လို့ရသေးတယ်နော်၊ဆိုင်တိုင်းမှာ ဝိုင်တွေအမြည်းစမ်းသောက်ကြည့် လို့ရသေးတယ်။ သစ်ခွပန်းမျိုးစုံ၊ ပဲကြော်၊ နေကြာစေ့ နှင့် ဒေသထွက်ကုန် အမျိုးမျိုးတို့ကို ရောင်းချလျက်ရှိပါတယ်။


၁၀။  အမျိုးသားကန်တော်ကြီးဥယျာဥ်

(၁၉၁၅)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၂၀၀၁)ခုနစ် ဧပြီလ(၈)ရက်နေ့တွင် အမျိုးသားကန်တော်ကြီးဥယျာဥ် အဖြစ်ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါတယ်။ဥယျာဥ်အတွင်း၌ အပင်မျိုးစိတ်ဒေသမျိုးရင်း (၅၁၄) မျိုး၊ ပြည်ပမျိုးစိတ် (၇၄) မျိုး၊ ငါးမျိုးစိတ် (၇၅) မျိုး၊ သစ်ခွမျိုးစိတ် (၁၇၈) မျိုး၊ နှင်းဆီမျိုးစိတ် (၂၅) မျိုး၊ နှင်းပန်းမျိုးစိတ် (၆) မျိုး တို့အပြင် တိုင်းရင်းဆေးဖက်ဝင် အပင်များကိုလည်းစိုက်ပျိုးထားပါတယ်။ ဥယျာဥ်ဝင်ကြေးကတော့ (၁၀၀၀) ကျပ်ဖြစ်ပါတယ်။


၁၁။ စည်သာကော်ဖီခြံ

စည်သာကော်ဖီခြံ ကတော့ပြင်ဦးလွင်မြို့ရှောင်လမ်းမကြီးဘေးမှာ တည်ရှိပြီး နှီးဘုရားဖူးမျှော်ပြီးလာရင် ပိုနီးပါတယ်။စည်သာကော်ဖီခြံထဲ လည်ပတ်မယ်ဆိုရင်တော့ ဝင်ကြေး(၃၀၀၀)ကျပ်ကျသင့်မှာ ဖြစ်ပြီး Reception မှာဝင်ခွင့်လက်မှတ်ပြလိုက်ရင်ဖြင့် ကော်ဖီတစ်ခွက်ဖြင့်ပြန်လည်တည့်ခင်းဧည့်ခံပါတယ်။ပလိုင်း နဲ့ ခမောက်လေးစောင်းပြီး ကော်ဖီစိုက်ခင်းထဲဆင်းပြီး ဓာတ်ပုံအလန်းလေးတွေ ဖန်တီးကျတာပေါ့



၁၂။ ထူးလိမ္မော်ခြံ

ထူးလိမ္မော်ခြံကတော့ ပွဲကောက်ရေတံခွန်သွားတဲ့လမိးအတိုင်းဝင်သွားပြီး Golden Bee Farm ကျော်တာနဲ့ရောက်ပါပြီ၊လမ်းတစ်လျှောက် ဆိုင်းပုဒ်လေးတွေ ထောင်ထားတယ်နော်၊ခြံထဲဝင်မယ်ဆိုရင်တော့ ဝင်ကြေး (၃၀၀၀)ကျပ်ကျသင့်မှာဖြစ်ပြီး ဝင်ခွင့်လက်မှတ် Reception မှာပြလိုက် ကော်ဖီတစ်ခွက်နဲ့ ဧည့်ခံပါတယ်။လိမ္မော်ခြံထဲသွားမယ်ဆိုရင် သုံးဘီးဆိုင်ကယ်နဲ့ လိုက်ပို့ပေးတယ်နော်၊ပလိုင်းနဲ့ခမောက်ငှားလို့ရတယ်နော်၊ လိမ္မော်သီးသီးချိန်ဆို ကိုယ်တိုင်ခူးလို့ရတယ်နော် ခူးပြီးသားတွေကိုတော့ ပြန်ဝယ်ရတယ်နော်။ 


စားကြမယ်ဟေ့ 

============

မြန်မာထမင်း၊ဟင်းစားချင်တယ် ဆိုရင်တော့ မန္တလေး လားရှိုးကားလမ်းမကြီး ကမ္ဘောဇဘဏ်ခွဲ (၁) ဘေးက ဒေါ်ထွေးခင် မြန်မာထမင်းဆိုင်မှာ အရမ်းစားလို့ကောင်းတယ်။အရံဟင်းတွေကလည်း အများကြီးပဲ၊အချိုတည်းဖို့ ဇီးယိုက အသက်


ညဘက်ပျင်းနေရင် ဟိုတယ်မှကားဖြင့် (၅)မိနစ်ခန့် သွားရောက်လျှင် ပိတောက်လမ်းမပေါ် သီရိမြန်မာဟိုတယ်အနီးတွင် ပြင်ဦးလွင်ညစျေးကြီးရှိတယ်။အရင်ကတော့ မြို့မစျေးကြီးရှေ့မှာ ပြောင်းလိုက်တာ တစ်နှစ်ကျော်လောက်ရှိပြီ၊ ညစျေးမှာ ရှမ်းအစားအစာတွေ၊ မြန်မာမုန့်တွေ၊ အကင်တွေ၊ သစ်သီးတွေ စသည်တို့ကိုရောင်းချပြီး လူစည်ကားလှပြီး ညစျေးကအသက်ဝင်နေပါတယ်။


ကော်ဖီကောင်းကောင်း သောက်ချင်တယ်ဆိုရင်တော့ ဆွီတီ ထိုင်ဖြစ်တာကာ နန်းမြိုင်ကဖေးပါ၊ ကော်ဖီအပြင် အခြားအစားအစာတွေလည်း မှာစားလို့ရတယ်နော်


ပန်းတို့မြေကို ကိုယ်တိုင်သွားရောက်လည်ပတ်ပြီး ပြင်ဦးလွင်မြို့ရှိ အလှအပတွေကို တစ်ဝကြီးခံစားကြပါလို့ ဆန္ဒပြုရင်း.............

Comments